International News

တရုတ်နိုင်ငံ နွေဉီးရာသီပွဲတော်အပြီး ခရီးသွားလာမှု (၈၂) ရာခိုင်နှုန်းကျဆင်း

Last Updated:

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ကိုရိုနာကူးစက်ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် နွေဉီးရာသီပွဲတော်အပြီး ရက်ပေါင်း (၄၀) အတွင်း ခရီးသွားလာမှုအမြင့်ဆုံးသို့ ရောက်ရှိဖွယ်မရှိကြောင်းသိရပါသည်။ ပြီးခဲ့သည့် နှစ်၏ ကာလတူနှင့် နှိုင်းယှဉ်ပါက ခရီးသွားလာမှု ထက်ဝက် ကျော်ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြပါသည်။

များသောအားဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်ပြီးနောက် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် မိမိတို့အလုပ်လုပ်ကိုင်ရာနေရာများဆီသို့ ပြန်ကြလေ့ရှိသော်လည်း ယခု နှစ်တွင် ရောဂါပျံ့ပွားမှုထိန်းချုပ်ရေးဆောင်ရွက်မှုများကြောင့် ခရီးသွားလာမှုမပြုနိုင်သေးကြောင်း၊ ဇန်နဝါရီလ (၂၅)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကြားတွင် လူဉီးရေ (၂၈၃)သန်းမျှသာ ခရီးသွားထားသည်ကို တွေ့ရှိကြောင်း၊ ၎င်းကာလမှာ ကြာရှည်လိမ့်ဉီးမည် ဖြစ်ကာ လုပ်ငန်းခွင်များသို့ တဖြည်းဖြည်းချင်းသာ ပြန်လည် ဝင်ရောက်ကြသဖြင့် တစ်နေ့လျှင် လူ(၁၅)သန်းမျှသာ ခရီးသွားကြမည်ဖြစ်ကာ ယခင်နှစ်ကထက် (၂၀) ရာခိုင်နှုန်းသာ ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက မှတ်ချက်ပြုထားပါသည်။

ပြီးခဲ့သည့် (၁၂) ရက်အတွင်း ရောဂါအဓိကဖြစ်ပွားရာဒေသ၏ ပြင်ပနေရာများတွင် နေ့စဉ်ရောဂါအတည်ပြုဖြစ်ပွားမှုနှုန်း ကျဆင်းလျက်ရှိကြောင်း တရုတ် ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ကြောင့် လာမည့်ရက်အနည်းငယ်အတွင်း ကျောင်းသားများ ကျောင်းပြန်တက်ကြကာ၊ ပြည်နယ်အသီးသီးမှ ရွှေ့ပြောင်းလုပ်သားများလည်း လုပ်ငန်းခွင်အသီးသီးသို့ တဖြည်းဖြည်းပြန်လည် ဝင်ရောက်ကြမည်ဟု ပို့ဆောင်ရေး ဒုတိယဝန်ကြီးက သုံးသပ်ပါသည်။

ခန့်မှန်းခြေအားဖြင့် ရွှေ့ပြောင်းလုပ်သားပေါင်း (၃၀၀) တို့မှာ ၎င်းတို့၏ အလုပ်အကိုင်များရှိရာ မြို့များဆီသို့ ခရီးသွားကြမည်ဖြစ်ပါသည်။ ၎င်းတို့အနက် သန်း (၈၀) မှာ ပြန်လည်ရောက်ရှိနေနှင့်ကြပြီးဖြစ်ကာ၊ သန်း (၁၂၀) ခန့်မှာ ယခုအချိန်မှ ဖေဖော်ဝါရီလကုန်ကာလအတွင်း ခရီးသွားလာကြမည်ဖြစ်ပြီး၊ ကျန် သန်း (၁၀၀) ခန့် မှာနောက်လာမည့်လတွင် ခရီးသွားကြမည်ဖြစ်ပါသည်။ ထို့ပြင် ကျောင်းသား သန်း (၁၀၀) ခန့်မှာလည်း မိမိတို့၏ ကျောင်းများသို့ ပြန်လည်တက်ရောက်ကြတော့ မည်ဖြစ်ပါသည်။

ထို့ကြောင့် ခရီးလမ်းပန်းစိတ်ချလုံခြုံချောမွေ့စေရန် ယာဉ်များကိုပိုးသတ်ခြင်း၊ ခရီးသည်များ၏  သတင်းအချက်အလက်များကို စုဆောင်းခြင်း၊ မိုးရွာခြင်း သို့မဟုတ် နှင်းကျခြင်းအခြေအနေများတွင် အရေးပေါ်စီမံခန့်ခွဲရေးစွမ်းဆောင်ရည်များ တိုးမြှင့်ခြင်းတို့ကို ပို့ဆောင်ရေးဝန်ကြီးဌာန၏ အဆင့်တိုင်းရှိ ဝန်ထမ်းတိုင်းက ကြိုးပမ်း ဆောင်ရွက်နေကြပါသည်။  မီးရထား၊ ဘတ်စ်ကား၊ လေယာဉ်နှင့် ရေယာဉ်များပေါ်တွင် လူထူထပ်ခြင်းကြောင့် ကူးစက်ရောဂါပျံ့ပွားခြင်းအား လျှော့ချရန် တင် ဆောင်နိုင်သော ခရီးသည်ပမာဏ၏ ထက်ဝက်ကိုသာ ခွင့်ပြုမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနက စီစဉ်ထားကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ CHINA DAILY (၁၇-၂-၂၀၂၀)

Category: International News